အလုပ်အကိုင်၊ ဘဝလမ်းခရီး အပြောင်းအလဲ - Career Change, Life Change

ဒီလထဲမှာ အလုပ်အကိုင်၊ ဘဝလမ်းခရီး အပြောင်းအလဲနဲ့ဆိုင်တဲ့ အကူအညီ ၂ ခုပေးဖို့ ကြုံရတယ်။
ပထမတစ်ခုက အတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် - လက်ရှိအလုပ်ကနေ ပရိုဂရမ်မာအလုပ်ကို ပြောင်းချင်တာ။
အသက်က ၂၀ ကျော်လောက်ပဲ ရှိသေးတဲ့အတွက် အချိန်ကောင်းကောင်းရလို့ ၂ နှစ်လောက် အချိန်ယူဖို့ လိုအပ်တယ်လို့ ပြောရင်း လိုအပ်တဲ့ အပြောင်းအလဲတွေကို စလုပ်ပေးလိုက်တယ်။
သူ့ရဲ့တိုးတက် ပြောင်းလဲမှုကို ၂ ပတ်တစ်ကြိမ် ပြန်ပြီး စောင့်ကြည့်နေပါတယ်။

နောက်တစ်ခုက အိုင်တီတက္ကသိုလ်တစ်ခုမှာ ဒုတိယနှစ်တက်နေတဲ့ ကလေးအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ပေးချင်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာပါ။
သူ့နဲ့တော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် တွေ့ပြီး စကားပြောကြည့်တဲ့အခါ အဖြေတစ်ခုခုထွက်လာမယ်လို့ ယုံကြည်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဘီအီး (အီလက်ထရောနစ်) ဖြစ်ပေမယ့် ဒုတိယနှစ်ကျောင်းသား ဘဝကတဲက အိုင်တီလမ်းကြောင်းပေါ်ကို ပြောင်းလဲခဲ့ပြီး၊ ၂၀၀၈ ကနေ ၂၀၁၉ အထိ ဆယ်နှစ်ကျော် ကာလအတွင်း အကျိုးအကြောင်းတိုက်ဆိုင်လို့ ကြုံတွေ့လာတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ၁၀ ဦးကျော်ရဲ့ Career Change , Life Change တွေအတွက် အကူအညီ ပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

အလုပ်အကိုင်၊ ဘဝလမ်းခရီး အပြောင်းအလဲ ဖြစ်ဖို့ အတွက် အရေးအကြီးဆုံးက သက်ဆိုင်ရာ ကာယကံရှင်တွေကိုယ်တိုင်ပါ။
အဓိကအကျဆုံးက လက်ရှိ အခြေအနေက အမှန်တကယ်လွတ်မြောက်လိုစိတ်ရှိဖို့ ဖြစ်ပြီး၊
အပြောင်းအလဲအတွက် လိုအပ်တဲ့ ကြိုးစားအားထုတ်မှုတွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်တဲ့ အထိ အနဲဆုံး ၆ လကနေ၊ တစ်နှစ်အထိ ဇွဲကောင်းကောင်းနဲ့ ပုံမှန်လုပ်ဆောင်သွားဖို့ပါပဲ။

ဘဝမှာ လက်ရှိအခြေအနေ၊ လက်ရှိအလုပ်ကို စိတ်တိုင်းမကျဖြစ်နေသူတွေ၊ ပိုကောင်းတဲ့ အခြေအနေတစ်ခုကို အမှန်တကယ်၊ အမှန်တကယ်၊ အမှန်တကယ် ပြောင်းလဲချင်တဲ့ သူတွေကို ကူညီခွင့်ရတာကလည်း ကုသိုလ်ကောင်းမှု တစ်မျိုးပဲ မဟုတ်လား.....?

သူငယ်ချင်း၊ မိတ်ဆွေ၊ ညီအကိုမောင်နှမများအားလုံး လုပ်ချင်တာနဲ့ လုပ်နေရတဲ့ အလုပ်တွေ ၈၀% လောက်အထိ အမြဲတမ်း ထပ်တူကျနေပါစေကြောင်း ချစ်ခြင်းများစွာနဲ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်... <3 <3 <3